Saturday, March 23, 2013

သီလ၏အကျိုးနှင့်အဓိပ္ပါယ်များ

( ရှစ်ပါးသီလမှာ ပါတဲ့ သိက္ခာပုဒ် တစ်ခုချင်းစီရဲ့ အနက်အဓိပ္ပါယ်ကို ဓမ္မမိတ်ဆွေများ သိအောင် ဖော်ပြပေးလိုက်ပါတယ်)

ပါဏာတိပါတာ ဝေရမဏိ သိက္ခာ ပဒံ သမာဒိယာမိ

ပါဏာတိပါတာ - သူတစ်ပါးအသက်ကို သတ်ခြင်းမှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
ပါဏာတိပါတ- ကို ပါဏ + အတိပါက နှစ်ပုဒ်ခွဲပြီး ပါဏ-သတ္တ၀ါကို ၊ ၀ါ- ရုပ်ဇီဝိတနြေ္ဒ နာမ်ဇီဝိတိနြေ္ဒ ကို အတိပါတ - ဖြေးဖြေးနှေးနှေး အချိန်ကျမှ သေရမည်ကို အချိန်ကျအောင် မနေစေဘဲ လျှင်လျှင်မြန်မြန်သေအောင် သတ်ခြင်းလို့ အဓိပ္ပါယ်ရပါသည်။ သတ္တ၀ါ ဆိုတော့ လူ့အသက်သာမက သက်ရှိသတ္တ၀ါ ၀ါမှန်သမျှ တိရစ္ဆာန် အမျိုးမျိုး၊ ကြမ်းပိုး ၊ သန်းစတဲ့ သတ္တ၀ါ တွေရဲ့ အသက်ဟူသမျှကို မသတ်ရပါဘူး။ သတ်တဲ့ နေရာမှာလဲ ကိုယ်တိုင် သတ်ခြင်း၊ သူတပါးကို စေခိုင်း၍ သတ်ခြင်း ၊ အမြဲ ထာဝရ တည်ရှိရာ လမ်းခရီးမှာ တွင်းတူး ငြောင့် ထောင်၊ လက်နက်ပုန်း၊ ဗုံးထောင်ခြင်း၊ မန္တန် အတတ် စသည်ဖြင့် မန်းမှုတ် သတ်ဖြတ်ခြင်း၊ သမ္မဇိဒ္ဓိ အစွမ်းဖြင့် မျက်စောင်းထိုး ၍ သေအောင်သတ်ခြင်း တို့ဖြစ်ပါတယ်။ လမ်းသွားရင်း မတော် တဆ နင်းမိပြီး သေသွားရင် သတ်ရာ မရောက်ပါဘူး။
ပါဏာတိပါတ အဂါၤ

ပါဏာတိပါတ ကျူးလွန်တဲ့ အခါ မှာ….
၁။ သတ္တ၀ါလည်း ဖြစ်ရမယ်။
၂။ သတ္တ၀ါမှန်းလည်း သိရမယ်။
၃။ သတ်လိုသော စေတနာရှိရမယ်။
၎။သတ်ဖြတ်မှု လုံ့လတစ်ခုခုကို ပြုဖြစ်ရမယ်။
၅။ထိုလုံ့လကြောင့် ပင် သေသည်လည်း ဖြစ်ရမယ်၊ ဒီအဂါင်္ (၅)ပါး စုံမှ ပါဏာတိပါတ ကမ္မပထ (သတ်ခြင်းအမှု) မြောက်ပါတယ်။
ပါဏာတိပါတ အပြစ်
ဤ သိက္ခာပုဒ်ကို လွန်ကျူးခဲ့ပါလျှင် …..
၁။ မျက်စိ၊ နား၊ နှာခေါင်း အင်္ဂါခြေလက် ချွတ်ယွင်းခြင်း။
၂။ ဖြစ်ရာဘ၀မှာ ရုပ်အဆင်း အင်္ဂါ မွဲပြာခြောက်ညို၍ မစိုပြေခြင်း။
၃။ အားအင်နည်းခြင်း။
၎။လျှင်လျှင်မြန်မြန် ဖျတ်ဖျတ်လတ်လတ် မရှိခြင်း။
၅။ ဘေးရန် ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း။
၆။ သူများ အသတ်ခံရခြင်း၊ကိုယ်တိုင် အဆိပ်သောက်၍ သေရခြင်း။
၇။ အနာရောဂါများခြင်း။
၈။အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက်တိုတတ်ခြင်း … စသည်ဖြင့် အပြစ်တွေ များလှပါတယ်။
ရှောင်ကြဉ်ရခြင်း အကျိုး
၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း။
၂။ ရုပ်ဆင်း စိုပြည်တင့်တယ်ခြင်း။
၃။ အားအင် ပြည့်ဖြိုးခြင်း။
၎။ သွက်လက်လျှင်မြန်ခြင်း၊
၅။ ဘေးရန်ကို မကြောက်မရွံခြင်း။
၆။ သူများလက်ချက်ဖြင့် အသက်မသေရခြင်း
၇။ အနာရောဂါ ကင်းခြင်း။
၈။အခြွေအရံ မပျက်စီးခြင်း။
၉။အသက်ရှည်ခြင်း .. စတဲ့ အကျိုးတွေကို ရနိုင်ပါတယ်။

အဒိန္နာဒါနာ ဝေရမဏိ သိက္ခာ ပဒံ သမာဒိယာမိ

အဒိန္နာဒါနာ - မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
အဒိန္နာဒါန- အဒိန္န + အာဒါန ၊ အဒိန္န- မပေးအပ်သော ဥစ္စာကို ၊ အာဒါန - ယူခြင်း၊မိမိမှ တစ်ပါး လူနတ် တိရစ္ဆာန်တို့ ရဲ့ ဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း၊ လိမ်ညာ၍ယူခြင်း၊ ကူးသန်းရောင်းဝယ်တဲ့နေရာမှာ တင်းတောင်း ၊ ချိန်ခွင်၊ အလေး စသည်တို့ မမှန်မကန်ချိန်ခြင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့် မရိုးမသားယူခြင်း ဟူသမျှသည် အဒိန္နဒါန - ချည်းပါပဲ။
အဒိန္နာဒါနအင်္ဂါတွေက……..
၁။ သူတစ်ပါးဥစ္စာ ဖြစ်ခြင်း။
၂။ သူတစ်ပါးဥစ္စာဟုသိခြင်း။
၃။ခိုးယူလိုသောစိတ်ရှိခြင်း။
၎။ခိုးယူရအောင် လုံ့လပြုခြင်း။
၅။ ခိုးယူခြင်း …. တို့ ဖြစ်ပါတယ်။
အဒိန္နာဒါနာ ဒါန အပြစ်တွေ ကတော့…..
၁။ မွဲတတ်ခြင်း၊
၂။ ဆင်းရဲတတ်ခြင်း
၃။ငတ်မွတ်ခြင်း
၎။အလိုရှိသော အရာကို မရနိုင်ခြင်း
၅။ကူးသန်းရောင်းဝယ်မှု မတတ်ခြင်းကြောင့် စည်းစိမ် ပျက်စီးတတ်ခြင်း။
၆။ ရေ၊မီး၊ သူခိုး၊ အမွေခံသားဆိုး သမီးဆိုး၊ မင်းဆိုး စတဲ့ ရန်သူမျိုးငါးပါး ၏ ဖျက်ဆီးခြင်းကြောင့် ဥစ္စာပျက်ပြား ရခြင်း။

ဒီ အဒိန္နာဒါန သိက္ခာပုဒ် လုံခြုံရင်တော့ ဆန့်ကျင်ဘက် အပြန်အားဖြင့် အကျိုးတရား ၆-ပါး ရနိုင်ပါတယ်.

အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာ ပဒံ သမာဒိယာမိ

အဗြဟ္မစရိယ - မမြတ်သော မေထုန်အကျင့်မှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
အဗြဟ္မစရိယ - မမြတ်သော မေထုံအကျင့် ဆို တာ မိန်းမ ယောက်ျား နှစ်ဦးသား တို့ ပျော်မြူးပေါင်းဖက် ဆက်ဆံခြင်းကို ခေါ်ပါတယ်၊ တစ်နည်းတော့လည်း မသူတောင်တို့၏ အကျင့်ကို ကျင့်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ကယဒွါရမှာ ဖြစ်တဲ့ မဂ်ဖြင့် မဂ်၌ ကျင့်ခြင်းကို ဖြစ်စေတတ်တဲ့ စေတနာပါပဲ။ ငါးပါးသီလ ထိန်းသူမျာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ကို ဆောက်တည်ရပါတယ်။ အဲဒီ အခါမှာ မိမိတို့ ဇနီးခင်ပွန်း အချင်းချိင်း ပေါင်းသင်း ဆက်ဆံခွင့် ရပါသေးတယ်၊ ဥပုသ်စောင့်သူများမှာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် နေရာမှာ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ရပါတယ်။ အဗြဟ္မစရိယ သိက္ခာပုဒ်ဆောက်တည် ထားလို့လည်းပဲ မိမိတို့ ဇနီးမောင်နှံခြင်း ဆက်ဆံမှုကိုသော်မျှ ရှောင်ကြဉ်ကြရပါမယ်။
အိမ်ထောင်မရှိတဲ့ သူတော်စင်များက ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို အထူး မဆောက်တည်တော့ပဲ ဤအဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည် ထားလျှင်ပို အကျိုးများပါတယ်။ ဤမေထုံအကျင့်ဟာ လူနတ်တိရစ္ဆာန် အားလုံးမှာ ရှိကြပါတယ်။ ဤ အကျင့်ကို မစွန့်နိုင်ကြလို့ သံသရာဆင်းရဲထဲမှာ တ၀ဲလည်လည် နေရုံမျှမက ယခုမျက်မှောက်မှာပဲ အချင်းချင်း ရိုက်နှက်သတ်ပုတ်ထိုးခတ် လုယက်မှု ကြောင့် ထောင်ကျရ၊ အသက်ဆုံးရှုံးရတာတွေ အများအပြားပါပဲ။ ဆင်းရဲဟူသမျှ ဤအကျင့်ကို မရှာင်နိုင်သူမှ စပါတယ်။ သူတော်ကောင်း ပုဂ္ဂိုလ်များက ဒီ အကျင့်ရဲ့ဆိုးဝါးတဲ့ အကျိုးဆက်တွေကို မြင်လို့ ရပြီးတဲ့ အာရုံကို စွန့်လွှတ်ပြီးတောထွက် ကြပါတယ်။ သူတော်စင်တို့ စက်ဆုတ်တဲက ယုတ်မာသော ဤမေထုန် အကျင့်ကို ရှောင်ကြဉ်ပြီး မိမိဘ၀ အဆင့်မြင့်လာအောင်၊ ပါရမီရှင် ဖြစ်လာအောင်၊ပါရမီကို အားရပါးရ ဖြည့်နိုင်အောင် ကြိုးစားရပါတယ်။
မေထုန်ငယ် ၇-ပါး
ဒီနေရာမှာ မေထုန်ငယ်မှ မေထုန်ကြီး ဖြစ်တတ်တယ် ဆိုတဲ့စကား အရ သတိထားစရာ မေထုန်ငယ် အဖြာဖြာကိုလည်း ပြောပြပါဦးမယ်…
အဲဒါတွေက….
၁။ ယောက်ျားဖြစ်က မိန်းမရဲ့ ပွတ်သပ်ဆုပ်နယ်မှုကို သာယာခြင်း၊ မိန်းမဖြစ်က ယောက်ျားရဲ့ ပွတ်သပ်ဆုပ်နယ်မှုကို သာယာခြင်း။
၂။ ယောက်ျားဖြစ်က မိန်းမနှင့်၊ မိန်းမဖြစ်က ယောက်ျားနှင့် ပြုံးကာ၊ ရယ်ကာ ၊ တို့ကာ ၊ ဆိတ်ကာ နေရသည်ကို သာယာခြင်း။
၃။ မျက်နှာချင်းဆိုင်ကာ အားပါးတရ ကြည့်ရှုနေသည်ကို သာယာခြင်း။
၎။ မျက်ကွယ်ရာ အနီးအနားက ၄င်းတို့ ပြောသံဆိုသုံ ရယ်သံကို ကြား၍ သာယာစွာ နားစိုက်ထောင်ခြင်း။
၅။ ရှေးအခါက ကိုယ့်မိန်းမ ကိုယ့်ယောက်ျားနဲ့ ပျော်ပျော်ကြီး ပြုမူနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတောအောက်မေ့ သာယာခြင်း
၆။ သူတစ်ပါးတို့ ပြုမူကျင့်ကြံ၊ ခံစားနေမှုကို မြင်ရပြီး သာယာခြင်း။
နတ်သားများစွာ တို့နှင့် ပျော်ပါးရန် မျှော်လင့်လျက် သာယာနေခြင်း။ .. တို့ ဖြစ်ပါတယ်.
ဤအကြောင်းကြောင့် အဗြဟ္မစရိယ သိက္ခာပုဒ် ညှိုးနွမ်း ပေါက်ကြားမှု မျိုး ဖြစ်တတ်ပါတယ်။
ကြုံတုန်းမှာ ကာမေသု မိစ္ဆာစာရ အပြစ်တွေကို ပြောပြချင်ပါသေးတယ်။
ကာမေသု မိစ္ဆာစာရ ရဲ့ အပြစ်တွေကတော့….
၁။ လူမုန်းသူမုန်းများခြင်း
၂။မုန်းရုံသာမက ရန်သူလည်းများခြင်း
၃။လာဘ်ပစ္စည်း ရှားပါးခြင်း
၎။ချမ်းသာမှ ကင်းဆိတ်ခြင်း
၅။မိန်းမိ ဖြစ်ရခြင်း
၆။ မိန်းမမဟုတ် ယောက်ျားမဟုတ် ပဏ္ဍုတ် ဖြစ်ရခြင်း
၇။ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း
၈။မျက်နှာပျက်၍ အရှက်ကွဲတတ်ခြင်း
၉။အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ ချွတ်ယွင်းသေးသိမ်ခြင်း
၁၀။စိုးရိမ်ကြောင့်ကြအားကြီးခြင်း
၁၁။ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ပါတယ်။
ရှောင်ကြဉ်ပါက လူချစ်လူခင် ပေါများခြင်း စတဲ့ ပြောင်းပြန်ပြန်၍ အကျိုးအတန်တန် စံရမည် ဖြစ်ကြောင်း ဖွင့်ဆိုကြပါတယ်။
အဗြဟ္မ စရိယ အကျိုး
အဗြဟ္မစရိယ သိက္ခာပုဒ် ဖြည့်ကျင့်မှုနဲ့ ပတ်သက်ပြီး သာသနာတော် ကျမ်းဂန်တွေရဲ့ အဆိုအရ ထောက်ဆ ပြောရရင် အဌင်္ဂ သမ္ပန္နာဂတံ ဥပေါသထသီလံ ဆိုတဲ့ အတိုင်း အင်္ဂါရှစ်ပါးပြည့်စုံမှ ဥပုသ်သီလဖြစ်ပါတယ်။
ဥပုသ်သီလစောင့်တယ်ဆိုတာကလဲ အရိယာ ရဟန္တာပုဂ္ဂိုလ် များကို အတုယူပြီးနေတာဖြစ်တော့ နေ့စဉ် စောင့်သုံးနေကျ ငါးပါးသီလမှ ထူးပြီး အဗြဟ္မစရိယမှ ရှောင်ကြဉ်မှု ညစာမစားမှု ကပွဲသဘင် ကြည့်ရှုခြင်း၊ ဖီးလိမ်းပြင်ဆင် နံ့သာလိမ်းချယ်ခြင်း တို့မှ ရှောင်ကြဉ်မှု၊ မြင့်မြတ်နေရာ ရှောင်ကြဉ်မှုတို့ကို ပြည့်စုံစွာ ကျင့်သုံးနိုင်မှ အရိယာနှင့် တူပါတယ်။
ရှစ်ပါးသီလမှာ အဗြဟ္မ စရိယသိက္ခာပုဒ်ဟာ အဓိကကျပါတယ် အရေးကြီးပါတယ်.. ဤသိက္ခာပုဒ်နှင့် ညစာမစားခြင်းစတဲ့ အကူသိက္ခာပုဒ်များ လုံခြုံစွာဖြင့် တစ်နေ့တာမျှ ကောင်းမွန်စွာ ဥပုသ်သီလ အောင်မြင်သွားလို့ ရှိရင် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရသော မင်း၊မိဖုရား အဖြစ်မျိုးထက် သာလွန်ပါတယ်၊ သိန်းပေါင်းများစွာ လှူဒါန်းခြင်းထက်လည်း သာလွန်သော အကျိုးကို ရနိုင်ပါတယ်။
ကဿပဘုရားရှင် လက်ထက်က ခေမာထေရီ၊ ဥပ္ပလ၀ဏ် ထေရီ ၊ ပဋာစာရီ၊ ဓမ္မဒိန္နာ ၊ ကုဏ္ဍလကေသီ၊ ကီသာဂေါတမီ၊၀ိသာခါ တို့ရဲ့ အလောင်းများ ဖြစ်ကြတဲ့ ကိကီမင်းကြီးရဲ့ သမီးတော်တွေဟာ ငယ်စဉ်ကစပြီး အနှစ်နှစ်သောင်းတိုင်တိုင် ငယ်ချောငယ်မူ ဖြူဖြူစင်စင် ဤသိက္ခာပုဒ်ကို အသက်ထက်ဆုံးစောင့်သုံးခဲ့ကြပါတယ်။

မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

မုသာဝါဒါ - မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
မုသာဝါဒ - မုသာ - မဟုတ်မမှန်သော ၀တ္ထုကို ၀ါဒ- ဟုတ်မှန်သောအားဖြင့် သိစေခြင်းကို မုသာဝါဒလို့ ခေါ်ပါတယ်။ မဟုတ်မမှန်သော ၀တ္ထုကို ဟုတ်မှန်သောအားဖြင်က သူတပါးကို သိစေလိုသူရဲ့ ကိုယ် အမူအရာ၊ နှုတ်အမူအရာကို ဖြစ်စေတတ်သော စေတနာကို ကောက်ယူရပါမယ်၊ မဟုတ်မမှန်သော စကားကို ဆိုပေမယ့် နှုတ်ဖြင့်ြေ့ပာမှသာ မဟုတ်ပါဘူး၊ စာဖြင့်ရေးတာ၊ ကိုယ်လက်စသည် လှုပ်ပြတာလဲပဲ မုသာဝါဒ ပါပဲ။ သူတစ်ပါး အကျိုးပျက်အောင် လိမ်ညာတဲ့ မုသားမျိုးဟာ အပါယ်ရောက်စေနိုင်ပါတယ်။
မုသာဝါဒရဲ့ အင်္ဂါတွေကတော့….
၁။ မဟုတ်မှန်တာဖြစ်ခြင်း။
၂။တဖက်သားကို ချွတ်ယွင်းလွဲမှားစေလိုသော စိတ်ရှိခြင်း
၃။ ကိုယ်နှုတ်တို့ဖြင့် သိစေခြင်း
၎။ပြောတဲ့အဓိပ္ပါယ်ကို သူတစ်ပါး နားလည်ခြင်းတို့ ဖြစ်ပါတယ်
မုသားမှန်သမျှ အသေးအဖွဲက စပြီး ရှောင်ကြဉ်ကာ သစ္စာပါရမီကို နှစ်နှစ်သက်သက် ဖြည့်ကျင့်ခြင်းအားဖြင့် ပါရမီဆိုတဲ့ အတိုင်း မိမိ၌ တည်သော သစ္စာအစွမ်းကြောင့် အထက်လမ်းသို့ တက်လှမ်းနိုင်ပါတယ်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့်လာပါလမ့်မယ်။
မုသာဝါဒကံရဲ့ အပြစ်တွေကတော့….
၁။ ယခုဘ၀မှာ ပဲစကားပီပီသိသိ မပြောတတ်ခြင်း၊
၂။ သွားမညီခြင်း
၃။ခံတွင်းပါးစပ် ပုပ်ညှီခြင်း
၎။ကိုယ်အရေအသား ပူရှိန်ခြောက်ကပ်စိုစိုဖပ်ဖပ် မရှိခြင်း
၅။မျက်စိ နားစသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း
၆။ပုံဟန်မလာပဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း။
၇။သူတစ်ပါးအပေါ်၌ သြဇာအာဏာ မတည်ခြင်း
၈။အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း
၉။စိတ်မတည်ပဲ လျှပ်ပေါ်လောလီတတ်ခြင်း စတဲ့ အပြစ်တွေ အပြင် မုသာစကား ပြောကြားသူမှာ ဘယ်ကိစ္စမဆို မယုံကြည် ရသောကြောင့် အကြီးအကဲ မဖြစ်နိုင်ပါဘူး။ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ပါက ဤ အပြစ်တွေက အပြန်ဖြစ်တဲ့ စကားပီခြင်း၊ သွားညီခြင်း စတဲ့ အကျိုးတရား တွေကို ရနိုင်ပါတယ်။ မျက်မြင်လေကမှာစကားမပီသသူ၊ ပီသသူ၊ သွားမညီသူ၊ သွားညီညာ စီတန်းနေသူတွေ၊ သြဇာအာဏာ မရှိတဲ့သူတွေကို ကြည့်ပြီးမုသာဝါဒကံရဲ့ အကျိုးအပြစ်တွေကို သတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ပါ။

သုရာမေရယ ပဇ္ဇပ္ပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

သုရာမေရယ ပဇ္ဇပ္ပမာဒဌာနာ- မေ့လျော့ပေါ့ဆခြင်း၏ ကြောင်းစင်စစ် မူးယစ်တတ်သော သေရည် အရက်ကို သောက်စားခြင်းမှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
သုရာ - သေရည်ဆိုတာ မူယစ်စေတတ်သော အဆောက်အဦး၊ ပစ္စည်းဝတ္ထုများ ထည့်ခပ်ပြီး စီရင်ထားတဲ့ ထန်းရည်၊ ပေရည်၊ ဓနိရည်၊ စသည်ကို ခေါ်ပါတယ်။ မေရယ - အရက်ဆိုတာကတော့ မူးယ်အောင် စီရင်ထားတဲ့ ပန်းပွင့်ရည်၊ စပျစ်ရည် စသည်တို့ကိုခေါ်ပါတယ်။ အားလုံးခြုံပြောရရင် ဘရန်ဒီ၊ ၀ီစကီ စတဲ့ နိုင်ငံခြား အရက် အမျိုးမျိုး၊ မြန်မာ အရက် အမျိုးမျိုး၊ ဘီယာ အမျိုးမျိုး ခေါင်ရည် ကစော် လှော်စာ ဘိန်း ဆေးခြောက် စိတ်ကြွဆေး နံပါတ်ဖိုး စတာတွေအားလုံး ပါဝင်ပါတယ်။
မဇ္ဇပ္ပမာဒ - အဲ ဒီ သေရည် အရက် စတာတွေ သောက်စားမိလို့ရှိရင် မူးယစ်ပြီးတော့ တွေးချင်ရာတွေး ငေးချင်ရာငေး၍ ကုသိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတွေကို ပြုလုပ်ဖို့ မေ့နေတတ်ပါတယ်။ အဲဒါကြောင့် သေရည်သေရက်ကို သောက်ကြောင်း စေတနာကို သုရာမေရယ မဇ္ဇပ္ပမာဒဌာန လို့ ခေါ်ပါတယ်။
သုရာမေရယကံမြောက်ကြောင်း အင်္ဂါတွေကတော့……
၁။ မူးယစ်စေတတ်သော အရက်သေစာ တစ်ခုခုဖြစ်ခြင်း
၂။သောက်သုံးမှီဝဲခြင်းတို့ပဲ ဖြစ်ပါတယ်။
အရက်သောက်ခြင်းဟာ ကုသိုလ်ကောင်းမှုကို မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တာကြောင့် မကောင်းမှု ဒုစရိုက်မှန်သမျှကို ကျူးလွန်မိတတ်ပါတယ်။ သေရည် အရက် သောက်ခြင်းကို ပြုတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်ငရဲကျ ရောက်နိုင်ပါတယ်။ တိရစ္ဆာန် လဲ ဖြစ်တတ်ပါတယ်။ ပြိတ္တာမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ အဲဒီကလွတ်လို့ အပေါ့ဆုံး အဖြစ်သည်ပင် လူဘ၀ ရောက်လာရင် အရူးဖြစ်တတ်ပါတယ်.
သေရည်သေရက် သောက်သူတွေမှာ…
၁။ အရေးအခွင့် သင့်မသင့်ကို မသိတတ်ခြင်း။
၂။ပျင်းရိတတ်ခြင်း
၃။မေ့လျော့မူးရူးတတ်ခြင်း (နောင်ဘ၀ အဆက်ဆက်မှာ အရူးဖြစ်တတ်ခြင်း)
၎။သူများပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း
၅။ ဟိရိသြတ္တပ္ပဟူသော အရှက်အကြောက်မှ ကင်းခြင်း
၆။သေရည်အရက်ကို သောက်မိလျှင် မည်သည့် အကုသိုလ်မှ မရှောင်ပဲ အလုံးစုံ မကောင်းမှုကို ပြုမိလွယ်ခြင်း တို့ ဖြစ်တတ်ပါတယ်။

ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

ဝိကာလ ဘောဇနာ - နေလွဲအခါ၌ စားခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
ဝိကာလ ဘောဇန ၊ ၀ိကာလ - နံနက်အခါ အရှေ့အရပ်က နေမထွက်ခင် ရှေ့ဦးစွာ အလင်းရောင်လေးတွေ ပေါ်ပေါက်လာပါတယ်။ အဲဒါကို အရုဏ်တက်တယ် လို့ ခေါ်ပါတယ်။ အဲဒီ အရုဏ်တက်ချိန်က စပြီးမွန်းတည့် (၁၂) နာရီ တိုင်အောင် အခါသည် ဘုရားစသား အရိယာများရဲ့ လေ့ကျက်အပ်တဲက စားစရာကာလ မည်ပါတယ်။
မွန်းတည့် (၁၂)နာရီမှ နောက်နေ့မနက် အရုဏ်တက်အထိ ကတော့ ၀ိကာလလို့ခေါ်ပါတယ်၊ လောကီဗေဒင် တွေမှာ ရက်ကို ညဉ့် (၁၂) နာရီလို့ ပိုင်းပါတယ်၊ ၀ိနည်း အရာမှာတော့ အရုဏ်နဲ့ ပိုင်းပါတယ်။ ဒါကြောင့် ဥပုသ်နေ့ နေ့လည် ( ၁၂) နာရီ က စပြီး နောက်နေ့ (ဥပုသ်အထွက်နေ့) နံနက် လင်းရောင်ခြည်ထွက် အရုဏ်မတက်မှီမှာ ထမင်းဟင်းလျာ၊ မုန့်ပဲသရေစာ၊ ကွမ်း၊ လက်ဖက်၊ သစ်သီး၊ သစ်ရွက် ဟူသမျှ မစားကောင်းပါဘူး။
စား ရင် ၀ိကာလဘောဇနသိက္ခာပုဒ် ပျက်ပါတယ်။ ဒီနေရာမှာ ကာလိကလေးပါးကိုြေ့ပာပြပါမယ်။
၁။ ယာဝကာလိက - အရုဏ်တက်ချိန်မှ စ၍ မွန်းတည့်တိုင်အောင် စားသောက်ကောင်းတဲ့ ဘောဇဉ် ၅-ပါး၊ခဲဖွယ်ဟူသမျှနွားနို့်စတဲ့ အာဟာရကိစ္စကို ပြီးစေနိုင်တဲ့ သောက်ဖွယ်တွေကို ယာဝကာလိကလို့ ခေါ်ပါတယ်။
၂။ ယာမကာလိက - အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်းတဲ့ သပြေသီး၊ သရက်သီး ၊ မုဒရက်သီး၊စပျစ်သီး၊ ဖက်သက်သီး၊ သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊ ကြာစွယ်တို့ရဲ့ ဖျော်ရည် နှင့် မန်ကျည်း ၊ ဆီး၊ ရှောက် ဟူသော အနုလောမဖျော်ရည်များကို ယာမကာလိက လို့ခေါ်ပါတယ်။
၃။ သတ္တာဟကာလိက - ၇ ရက်လုံးလုံးထားပြီးစားသုံးထိုက်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊ ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုးကို သတ္တာဟကာလိက လို့ခေါ်ပါတယ်။
၎။ ယာဝဇီက - တစ်သက်ပတ်လုံးစားကောင်းတဲ့ ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါး စတဲ့ အာဟာရကိစ္စ ကို မပြီးစေနိုင်တဲ့ ဆေးဘက်ဝင် အမြစ်၊ အရွက်၊ အသီး ၊ အခေါက် တွေကို ယာဝဇီဝိက လို့ ခေါ်ပါတယ်။
အကြောင်းမရှိဘဲ ဖျော်ရည် စတုမဓူ၊ ထန်းလျက်၊ သကြား ၊ ဂျင်းသုတ်၊ ကွမ်း၊ ဆေး - စသည်ကို စားသောက် ခဲ့ရင်တော့ သိက္ခာပုဒ် မပျက်ပေမယ့် သိက္ခာပုဒ် ညှိုးနွမ်းပါတယ်။ သစ်ပင် ညှိုးလျှင် အသီး နည်းသလို သပုသ်ညှိုးလျှင်လည်း အကျိုးနည်းတတ်ပါတယ်။
ဆာလောင်မွတ်သိပ်လျှင် ( အကြောင်းရှိလျှင်) အဖတ်မပါတဲ့ မန်ကျည်းဖျော်ရည်၊ ဘိလပ်ရည်စတဲ့ အရည်ကို သောက်ကောင်းပါတယ်။ အမှုန် အဖတ်တွေကို တော့ စစ်ပြီးမှ သောက်ရပါမယ်။
လေနာ စတဲ့ ရောဂါတစ်ခုခု ရှိရင်လည်း စတုမဓူ၊ ထန်းလျက် ၊ သကြားစတဲ့ ဆေးဘက်ဝင် အရာဝတ္ထုတွေ၊ ဆေး အမျိုးမျိုးတွေကို စားသောက်ကောင်းပါတယ်။ သီလမညှိုးနွမ်းပါဘူး။ မွန်းမလွဲခင်တော့ အားလုံးစားကောင်းပါတယ်။ ညစာ မစားရုံမျှနှင့် ဥပုသ်စောင့်တယ်လို့ မခေါ်ပါဘူး။ ညစာမစားတာဟာ ၈-ပါးသီလ၊ ၉-ပါးသီလထဲမှာ သီလတစ်ပါးမျှသာ ဖြစ်ပါတယ်။ ထမင်းတစ်နပ် အငတ်ခံရုံမျှနှင့် ဥပုသ်စောင့်တယ်လို့ မခေါ်နိုင်ကြောင်း သတိပြုမိဖို့လိုပါတယ်။
ဒီဝိကာလဘောဇန သိက္ခာပုဒ်ကို စောင့်ထိန်းရင်…..
၁။ ကိစ္စနည်းပြီး တရားအားရုံပြုဖို့ရာ အချိန်များစွာ ရစေခြင်း။
၂။ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်မ၀င်စားရအောင် ချုပ်တည်းပြီးသားဖြစ်ခြင်း ဟူသော အကျိုးနှစ်မျိုးကို ရနိုင်ပါတယ်။
ညစာစားဖို့ ရှာဖွေရ၊ ချက်ရပြုတ်ရ၊ ပြင်ရဆင်ရ၊ ဆေးရ ကြောရနဲ့ သိပ်ပြီးကိစ္စများပါတယ်၊ ဘုရားအာရုံ တရားအာရုံနဲ့ နေရမည့် အချိန်မှာ အဲဒီ စားဖို့သောက်ဖို့ပဲ လုပ်နေရတော့ အာရုံပြုဖို့ မဖြစ်နိုင်တော့ပါဘူး။ ညစာစားခြင်းကို ရှောင်လိုက်တော့ ကိစ္စနည်းပြီး တရားကိုအာရုံပြုတဲ့အခါ အချိန်များစွာ ရစေပါတယ်။ ညစာမစားပဲ ရှောင်နေပေမဲ့ အငတ်ခံနေရမည်လို့ မဆိုလိုပါဘူး၊ ဆာလောင်လျှင် ဖျော်ရည် စသည် သောက်ကောင်းပါတယ်၊ ညစာစားမှုဟာ လောကီအာရုံ ကာမဂုဏ်ဘက်မှာ စိတ်ညွတ်စေတတ်ပါတယ်။
အဗြဟ္မစရိယ သိက္ခာပုဒ်တော်ကို ထိန်းပြီး မေထုန်စောင့်စည်းတဲ့သူစာ ကာမဂုဏ်စိတ် ဖြစ်စေနိုင်တဲ့ ၀ိကာလ ဘောဇန သိက္ခာပုဒ်ကို ထိန်းနိုင်မှသာ ရှေ့နောက်ညီသော အကျင့်ကို ကျင့်ရာရောက်နိုင်ပါတယ်။ ဒါကြောင့် ညစာ မစားမှုဟာ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ဆက်မ၀င်စားရအောင် ချုပ်တည်းပြီးခြင်း ဆိုတဲ့ အကျိုးကို ရနိုင်ပါတယ်။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်ကြီး လုံခြုံမှုရှိအောင် ပထမတံတိုင်း ခတ်လိုက်တာနဲ့တူပါတယ်။ ဤအကျိုးကို ရှုမျှော်ပြီး ၀ိကာလဘောဇန သိက္ခာပုဒ်ကို ရှောင်ကြဉ်နိုင် အောင် ကြိုးစားအားထုတ်ရပါမယ်။

နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဌာနာ ဝေရမဏိ သက္ခာပဒံ သမာဓိယာမိ

နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဌာနာ - သာသနာတော်နှင့် မလျော်ဆန့်ကျင် ညောင်တံကျင်သဖွယ် ဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာပျစ်ကို နိမ့်ရာ အရပ်သို့ ဖို့သိပ်ခြင်း၊ နံ့သာရည်၊ နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
ဝိသူက - ကပွဲသဘင်စသည်ကို ကြည့်ရှုနားထောင်ခြင်းသည် ဆန္ဒရာဂနှင့် တကွ ဖြစ်သောကြောင့် အကျဉ်းအားဖြင့် သဗ္ဗပါပဿ အကရဏံ - မကောင်းမှုရှောင် စသော ဘုရားရှင် အဆုံးအမတော်အား မလျော်ပါ၊ ထို့ကြောင့် ၀ိသူက လို့ခေါ်ပါတယ်၊
ကခြင်းဆိုတဲ့ နေရာမှာ ကတာ အားလုံးပါပဲ၊ ဘယ်လိုပဲ ကက ပေါ့၊ အောက်ထစ်ဆုံး ဥဒေါင်းကတာကို တောင် မကြည့်ရပါဘူး။
သီချင်းဆိုတဲ့ နေရာမှာလည်း ကချေသည်တွေရဲ့ သီချင်းအားလုံး၊ အနိစ္စတာ အစရှိသည့်တို့နှင့် စပ်တဲ့ သီချင်းတွေ၊ သွားကို စေ့ပြီးလေထုတ်ကာ သီချင်းသံစဉ်တွေ လုပ်ဆိုတာတွေ၊ လေချွန်တာတွေ အားလုံး ဂီတ သီချင်းပါပဲ။
တီးမှုတ်ခြင်းဆိုတဲ့ နေရာမှာလည်း တီးမှုတ်တာ အားလုံးပါပဲ၊ လက်ခုပ်တီး လက်ဖျောက်တီးပြီး စည်းဝါးလိုက်တာလည်း ပါပါတယ်။ ကိုယ်တိုင် ကခြင်း၊ သူတစ်ပိုးကို က စေခြင်း၊ ကိုယ်တိုင် သီဆိုခြင်း၊ သူတစ်ပါးကို သီဆိုစေခြင်း၊ ကိုယ်တိုင် တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်စေခြင်းတို့ကို သာသနာတော်အား မလျော်သော တံကျင် သဖွယ်ဖြစ်တဲ့ ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ် နိုင်အောင် ကြိုးစားရပါမယ်။
ဥပုသ်စောင့်တယ်ဆိုတာ ကာမဂုဏ်ကို မဖြစ်အောင် ထိန်းသိမ်းတာ ဖြစ်တဲ့အတွက် ဥပုသ်သီလ ယူကြပြီးနောက် ပုတီးတစ်ကိုင်ကိုင် ဥပုသ်သည်စတိုင်နဲ့ တီဗီရှေ့မှာ ထိုင်ပြီး တီဗီ အစီအစဉ်ကလာတဲ့ ကခြင်း သီဆိုခြင်း စသည်ကို ကြည့်ရှုနားထောင် ခြင်း မလုပ်သင့်ပါဘူး။
မာလာ ဂန္ဓ ၀ိလေပန သုံးပုဒ်နဲ့ ဓာရဏ မဏ္ဍန ၀ိဘူသန သုံးပုဒ်ကို အစဉ်အတိုင်း တွဲရပါမယ်။ တွဲလိုက်တော့ မာလာ ဓရဏ၊ ဂန္ဓမဏ္ဍန၊ ၀ိလေပန ၀ိဘူသနလို့ သုံးတွဲ ရလာပါတယ်။ အဓိပ္ပါယ်တွေကတော့… မာ လာ - ပန်းအမျိုးမျိုး၊ ဓာရဏ- ပန်ဆင်ခြင်း၊ ဂန္ဓ - ဖို့သိပ်ရကောင်းသော နံ့သာပျစ် (နံ့သာ ပျောင်း) ၊ မဏ္ဍန - နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန-လိမ်းကျံလို့်လည်းရ အနံ့ထုံလို့လည်းရတဲ့ အရောင်တင်ဆေး၊ ရေမွှေးနံ့သာ ဆီပေါင်ဒါ စသည်ကို ၊ ၀ိဘူသန - လိမ်းကျံခြင်း အနံ့ထုံခြင်း၊ ဌာန- ကာမစိတ်ဓါတ်တိုးပွားခြင်းရဲ့ အကြောင်းလို့ အဓိပ္ပါယ်အသီးသီး ရပါတယ်။ သာသနာတော်နဲ့ မလျော်ဆန့်ကျင်တဲ့ ကခြင်း စသည်ကို မပြုလုပ်ပဲ ရှောင်ကြဉ်ပါမယ်လို့ ဆိုလိုပါတယ်။
ဒီနံ့သာလိမ်းမှု စတဲ့အရာတွေဟာ အနာရောဂါက ဒီ နံ့သာလိမ်းမှ ပျောက်မယ့် ရောဂါမျိုးဆိုရင် လိမ်းကျံကောင်းပါတယ်၊ ခန္ဓာကိုယ် အနံ့ သိပ်ဆိုးနေရင်လည်း ဥပုသ်သည်များဟာ ဒီအနံ့ကို ကာကွယ်ဖို့ရာ နံ့သာလိမ်းကောင်း၊ ဆပ်ပြာမွှေး သုံးကောင်းပါတယ်။
တမင် အမွှေးနံ့ရအောင်တော့ မသုံးကောင်းပါဘူး၊ ဒီကပွဲ သဘင်ကြည့်ရှုမှု၊ နံ့သာလိမ်းမှုဟာလည်း ကာမစိတ်ဓါတ် တိုးပွားစေခြင်းရဲ့ အကြောင်းဖြစ်လို့ အဗြဟ္မစရိယ သိက္ခာပုဒ်တော်ကြီးကို ထိပါးစေနိုင်ပါတယ်။ ကျိုးပေါက်စေနိုင်ပါတယ်။
ကာမစိတ်ဓါတ် ပွားစေတတ်တဲ့ ကပွဲသဘင်၊ ကြည့်ရှုနားထောင်မှုနှင့် အလှဆင်ခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် အဗြဟ္မစရိယ သိက္ခာပုဒ်တော် လုံခြုံမှုအတွက် အထောက်အကူလည်း ဖြစ်ပါတယ်၊ ဒုတိယတံတိုင်းကာလိုက်တာနဲ့လည်း တူပါတယ်။ ဒီ အကျိုးကို မျှော်ကိုးပြီး ကပွဲဘင် ကြည့်ရှုမှု၊ နံ့သာလိမ်းခြယ်မှု တို့မှ ရှောင်ကြဉ်တဲ့ သိက္ခာပုဒ်တော်ကြီးကို မကျိုးပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ သတိပေးပါရစေ။

ဥစ္စာသယန၊ မဟာသယနာ ဝေရမဏိ သက္ခာပဒံ သမာဓိယာမိ

ဥစ္စာသယန မဟာသယနာ - မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်း နေထိုင်ခြင်းမှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
ဥစ္စာသယနာ - မြင့်တဲ့နေရာမှာ အိပ်ခြင်း ထိုင်ခြင်း အခြေ တစ်ထောင့်ထွာထက် မြင့်တဲ့ အိပ်ယာ ကုတင် ကုလားထိုင်ကြီးတွေမှာ မအိပ်ကောင်းပါဘူး မထိုင်ကောင်းပါဘူး။
မဟာသယန - မြတ်သောနေရာ၌ အိပ်စက်နေထိုင်ခြင်း၊ မြတ်သောအခင်း ဆိုတာဟာ စည်းစိမ်အပြည့်အ၀ ခံစားကြတဲ့ စည်းစိမ်ရှင်ကြီးတွေ အိမ်မှာရှိတတ်တဲ့ တစ်နည်းအားဖြင့် သူတို့ ရဲ့စည်းစိမ် ကို ဖော်ပြတဲ့ လက်လေးသစ်မက အမွေးရှည်တဲ့ သားမွှေးအခင်း ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်တဲ့ သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်ထားတဲ့ ပိုးချည် အခင်းလဲ ၀ါဂွမ်း သွတ်ထားတဲ့ မွေ့ယာတွေကို မြတ်သော အခင်းလို့ ဆိုပါတယ်၊ ဒါတွေအားလုံး မသုံးကောင်းပါဘူး၊ မွေ့ယာမှာ တော့အုန်းဆံသွတ် မွေ့ယာ၊ အ၀တ်အဆာ၊ ပိုးချည်အဆာပါတဲ့ မွေ့ယာတွေကိုတော့ သုံးကောင်းပါတယ်၊ သင်ဖြူးဖျာချောချော၊ ကော်ဇောနုနုတွေကို လည်းသုံးကောင်းပါတယ်၊ ဒီသိက္ခာပုဒ်ဟာလည်း ကိလေသာတဏှာစိတ်ကို ဆို့ပိတ်ဖို့ စောင့်ထိန်းခြင်း ဖြစ်ပါတယ်။
ကဲ… သိက္ခာပုဒ်အားလုံးကို ခြုံကြည့်လိုက်ရင် ဥပုသ်စောင့်တဲ့ အဓိပ္ပါယ်ဟာ ရှင်းရှင်းကြီးပေါ်လာပါတယ်၊ ဥပုသ်စောင့်တဲ့ နေရာမှာ ရိုးရိုးငါးပါးသီလထဲက ကာမေသုမစ္ဆာစာရ နေရာမှာ အဗြဟ္မစရိယ သိက္ခာပုဒ်ကို သွင်းပြီး အဲဒီနောက် ၀ိကာလ ဘောဇန၊ နစ္စ ဂီတ ၊ ဥစ္စာ သယန သိက္ခာပုဒ်တွေကို အပိုထည့်တော်ကတည်ရပါတယ်၊ ဒီသိက္ခာပုဒ်လေးပါးကို ခြုံပြီးတော့ စဉ်းစားလိုက်ရင် ဥပုသ်စောင့်တဲ့ အခါ မဖြစ်အောင် ထိန်းရမည့် အကုသိုလ်စိတ်တွေထင်ရှားစွာ ပေါ်လာပါတယ်၊ ဘာစိတ်တွေလဲ ဆိုတော့ ကာမဂုဏ် စိတ် (ကိလေသာ တဏှာစိတ်) တွေပါပဲ။
ခမ်းနားတဲ့ အိပ်ရာနေရာ အိပ်စက်နေထိုင်ခြင်း၊ ဖီးလိမ်းပြင်ဆင်ခြင်း၊ ကပြသီဆိုတီးမှုတ်ခြင်း၊ ညစာစားခြင်းတို့ဟာ ကိလေသာ တဏှာလောဘစိတ်ကို မဖြစ်ဖြစ်အောင် သွေးဆောင် ခေါ်ယူတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိလေသာ ကာမစိတ်ကို ဆို့ပိတ်ဖို့ ဥစ္စာသယန သိက္ခာပုဒ်နဲ့ ခမ်းနားတဲက အိပ်ရာနေရာတွေမှာ အိပ်စက်နေထိုင်ခြင်းကို တားမြစ်ထားပါတယ်။ နစ္စ ဂီတ သက္ခာပုဒ်နဲ့ ကပြသီဆို တီးမှုတ်မှု၊ ဖီးလိမ်းပြင်ဆင် နံ့သာတင်မှုတို့ကို တားမြစ်ထားပါတယ်။
ဝိကာလ ဘောဇန သိက္ခာပုဒ်နဲ့ ညစာစားမှုကို တားမြစ်ထားပါတယ်။ ဒီသိက္ခာပုဒ်သုံးပုဒ်နဲ့ ကာမစိတ်ဓာတ်ကို တွန်းလှန်ပိတ်ဆို့ထားမြစ်မှလည်းပဲ အဗြဟ္မစရိယ သက္ခာပုဒ်တော် အရ တပ်ချင်းတူသူ နှစ်ယောက်တို့၏ အကျင့်ခေါ်ဆိုရတဲ့ မေထုန်အမှုမှ ကောင်းကောင်းမွန်မွန် ရှောင်ကြဉ်နိုင်ပါလိမ့်မယ်
ဥပုသ်စောင့်တဲ့ နေရာမှာ ပဓာန သိက္ခာပုဒ်က အဗြဟ္မစရိယ သိက္ခာပုဒ်ပါ၊ အဲဒီ သက္ခာပုဒ်လုံခြုံဖို့ ညစာရှောင်ကြဉ်မှုဆိုတဲ့ ၀ိကာလဘောဇန သိက္ခာပုဒ်ဟာ ပထမတံတိုင်းကြီး ဖြစ်ပါတယ်။ ကပွဲသဘင် အလှပြင်မျုမှ ရှောင်ကြဉ်မှု နစ္စ ဂီတ သိက္ခာပုဒ်က ဒုတိယ တံတိုင်းကြီးပါပဲ၊ မြင့်မြတ်နေရာ အိပ်စက်နေထိုင်ခြင်းမှ ရှောင်ကြဉ်မှု ဥစ္စာသယန - သိက္ခာပုဒ်က တတိယ တံတိုင်းကြီးပါပဲ။
ယခုပြောခဲ့တဲ့ အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ ဥပုသ်ဆောက်တည် ကျင့်သုံးရတဲ့ အကျိုးတရားဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရတဲ့ မင်း မိဖုရား အဖြစ်မျိုးထက် သာလွန်မြင့်မြတ်ပါတယ်။ လူမင်း နတ်မင်း စည်းစိမ်ကို အကြိမ်များစွာ ရရှိခံစားနိုင်ပါတယ်။

ကျိုး ပေါက် ပြောက် ကျား ဥပုသ်

ဥပုသ်ကျိုးတယ်ဆိုတာ ဥပုသ်သီလ ရှစ်ပါးထဲမှာ အစသိက္ခာပုဒ်ဖြစ်စေ အဆုံးသိက္ခာပုဒ် ဖြစ်စေ ပျက်စီးခဲ့ရင် ဥပုသ်ကျိုးတယ်လို့ ခေါ်တယ်.
အ၀တ်တစ်ခုမှာ အလယ်က ပေါက်သလို အဲဒီ သိက္ခာပုဒ် ရှစ်ပါးထဲမှ အလယ်က တစ်ပါးပါး ပျက်လျှင်တော့ ဥပုသ်ပေါက်တယ်လို့ ခေါ်တယ်။
နွားမှာ အပြောက်အပြောက်ကလေးတွေ ပါသလို ရှစ်ပါးရှိတဲ့ သိက္ခာပုဒ်တွေထဲက အစဉ်အတိုင်း တစ်ဆက်တည်း မဟုတ်ပဲ အဒိန္နာဒါနနဲ့ မုသာဝါဒ အဗြဟ္ခစရိယနဲ့ သုရာမေရယ အဲဒီလို ပြောက်ကျားပြောက်ကျား ပျက်တာကို တော့ ဥပုသ်ပြောက်တယ်လို့ ခေါ်ပါတယ်။
သက္ခာပုဒ် ရှစ်ပါးထဲမှာ ပါဏာတိပါတနဲ့ အဒိန္နာဒါန၊ အဗြဟ္မစရိယနဲ့ မုသာဝါဒ၊ အဲဒီလို တစ်ဆက်တည်း နှစ်ပါးသုံးပါး ဆက်ပျက်တာကို တော့ နွားကြောင် နွားကျားနေတာနဲ့တူလို့ ဥပုသ်အကျား လို့ခေါ်ပါတယ်။
အင်္ဂါခြေလက် ကျိုးပဲ့နေပြီး အ၀တ်အစား စုတ်ပြတ် အညစ်အကြေး အထပ်ထပ်နဲ့ ပုဂ္ဂိုလ်ဟာ ဂုဏ်သရေရှိ ပရိသတ်ထဲမှာ မတင့်တယ် မျက်နှာငယ် စရာဖြစ်သလို သီလကျိုးပေါက် ပြောက်ကျားနေတဲ့ ပုဂ္ဂိုလ်ဟာလဲ ပညာရှိသူတော်ကောင်းတို့၏ အသိုင်းအ၀ိုင်းမှာ မတင့်တယ်တဲ့ အတွက် သီလမကျိုး မပေါက် မပြောက် မကျား ရအောင် ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။
သီလ ဆောက်တည်တုန်းက တစ်ပါးစီ တစ်ပါးစီ ဆောက်တည်ထားရင်တော့ ရှစ်ပါးသီလထဲမှာ တစ်ပါးပါးပျက်သော်လည်း ကျန်သီလအတွက် အကျိုးရှိနိုင်ပါတယ်။
ဒီနေ့ သီလရှစ်ပါးကို လိုက်နာကျင့်သုံးနိုင်အောင်ရှင်းလင်း ဟောကြားလို့ ပြီးပါပြီ။ နွားအရေအတွက်ကို မသိသူဟာ နွားကျောင်းဖို့ မဖြစ်နိုင်သလို သီလစောင့်ထိန်းချင်တဲ့ ပုဂ္ဂိုလ်ဟာလည်း ဒီသီလရှစ်ပါးကို ကောင်းကောင်းသိမထားရင် ကောင်းကောင်း စောင့်ထိန်းဖို့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် သူတော်ကောင်း အပေါင်းတို့သည် မိမိတို့ ဆောက်တည်ထားသော ဥပုသ်သီလတော်တို့ကို အဖန်ဖန် နှလုံးသွင်းပြီး သကာလ အပ္ပမာဒ ခေါ်ငြား သတိတရားဖြင့် မကျိုးမပေါက် မပြောက်မကျား ရအောင် ထိန်းသိမ်း စောင့်ရှောက် နိုင်ကြပါစေကုန်သတည်း……………….. ။

(အရှင် ၀ဏ္ဏသိရီ (စလေ ) ၏ ဥပုသ်နေ့ဝယ် ပြုကျင့်ဖွယ် စာအုပ်မှ)

2 comments:

  1. ၈ပါးသီလ mp3 လေး လိုချင်ပါတယ် ဗျာ ဖြစ်နိုင်ရင်တင်ပေးပါ

    ReplyDelete
  2. ဥပုဒ်နေ့ကို ဖြတ်ကျော်ခြင်းလေး ရေးပေးပါဦး

    ReplyDelete

Post a Comment

ယခုမိတ်ဆွေရေးသားသောမှတ်ချက်ကို စိစစ်ပြီးမှလက်ခံမှာဖြစ်တဲ့အတွက် နောက်တစ်ခေါက်လာမှ မိတ်ဆွေရေးသောမှတ်ချက်ဟာတွေ့ရမှာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်။

Related Posts Plugin for WordPress, Blogger...

အရောင်ရဲ့Code ယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :

ိDHAMMA RADIO CHANNEL 8 - ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ



Click to play with other type of player

Android Winamp windows Media Player Real Player QuickTime VlcPlayer iPhone


DOWNLOAD MP3